လာလည်ပါကွယ် ဖိတ်ခေါ်မယ်
ချစ်ဆုံးရေ ရန်ကုန်ကိုလာတယ်ဆိုတော့ ဝမ်းသာတာပေါ့
တစ်မြို့တည်းအတူတူပါလားဆိုတဲ့ အသိက မင်းသနပ်ခါးလေးတွေကိုပိုမွှေးစေတယ်
ရန်ကုန်မှာ ကားမောင်းရင်သတိထား
မီးနီ၊မီးစိမ်း ပြိုင်တူလင်းတဲ့
အင်တာနေရှင်နယ် မီးပွိုင့်တွေရှိတယ် ..
ဖြေထားတဲ့ ယာဉ်စည်းကမ်းတွေနဲ့
လက်တွေ့တချို့ဟာတွေက တလွဲချည်းတွေဆိုတာ သိလိမ့်မယ်
အရည်အသွေးမြင့် ဘက်ပြန်မမောင်းတတ်တဲ့ကားအုံနာတွေရှိတယ်
သက်တမ်းရင့် စပါယ်ယာတွေ
ဒုံးပျံလိုတက်မောင်းတဲ့ ယာဉ်လိုင်းတွေရှိတယ်
ဘယ်တိုက်ခန်းမှာတည်းတည်း
မီးစလောင်းလေးဆောင်ထား
ရန်ကုန်မီးက အစိုးမရပျက်နေကျ
လမ်းတန်းကုန်းတံတားအောက်တွေ့တဲ့အခါ
" ပန်းခြံလား ကိုကို "လို့မမေးပါနဲ့
ကိုကိုကိုယ်တိုင်လည်း ဘာမှန်းကိုမသိဘူး
ရန်ကုန်မိုးက ဝုန်းကနဲရွာသလို
ရန်ကုန်မော်တော်ပီကယ်ဆိုတာ
ဝုန်းကနဲပေါ်လာတတ်တာမျိုး ..
လမ်းတွေမှာ ချိုင့်တွေ့တဲ့အခါ
လမ်းဟောင်းလားမမေးပါနဲ့
ပျက်အစဉ် ပြင်မရတွေ
တနင်္ဂနွေဟာ အတွဲတွေရုံးတက်တဲ့ရက်လို့ သတ်မှတ်တယ်
ဘက်စ်ကားထိုင်ခုံတွေမှာ စုံတွဲတွေ့ရင်မထူးဆန်းပါနဲ့
ဆင်ဆာမရတဲ့အခန်းတွေကို သူတို့စိတ်ကူးနဲ့ရိုက်ကူးနေကြတာ
ဆူးလေဆိုတာ ရန်ကုန်မြို့လည်ခေါင်ပေါ့
သွားမယ်ဆို လှေတစ်စီးယူသွား
အချိန်ရရင် ငါးမျှားချိတ်ယူသွား
တခါတလေဆို ဝေလငါးတွေပါမိတတ်တယ်
ဝိုင်ဖိုင် ဖရီးလို့စာတမ်းတွေ့ရင် ဝမ်းသာမစောနဲ့
အပ်ချည်ကြိုးနဲ့ တောင်တက်ရသလို သုံးရတာတွေ
လှည်းတန်းကိုလာရင် သတိထား
လက်ကမ်းကြေငြာတွေက အီရတ်ကကျည်ဆံတွေလိုပဲ
ဘက်စ်ကားစီးမယ်ဆို
တိုက်ကွမ်ဒိုအနက်လောက်ရထားမှစီးနော်
လိုအပ်ရင် တရုတ်သိုင်းကားလည်းကြည့်ထား
ရုပ်ရှင်တွေမှာ ဘာပြသွားမှန်းမသိတဲ့
ရုပ်ရှင်ဇာတ်ကားကြီးတွေရှိတယ်
ရုံထဲမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတဲ့
ကျိတ်ကျိတ်တိုး ရုပ်ရှင်အားပေးသူတွေလည်းရှိတယ်
ရန်ကုန်အလှဆိုတဲ့
ကန်ပေါင်ကိုရောက်ရင် နည်းနည်းသတိတော့ထား
ဘီယာဝိုင်းတွေနဲ့ ဆင်ဆာမဲ့ဇာတ်ကားတွေ
ရွှေတိဂုံဘုရားပေါ်တက်ဖို့ ထဘီလေးဝတ်ခဲ့နော်
တို့ရန်ကုန် ပြစရာဒါလေးပဲရှိတော့လို့ .... ။
ဒါတောင် ... အနာဂတ်မှာ သိပ်မသေချာချင်တော့ဘူး ။ ။
CREDIT အမည်မသိ













