ဗိုလ်ချုပ်လက်ခံယူခဲ့သောစစ်ရေယာဉ်
နှစ်စဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့သည် မြန်မာ့တပ်မတော်(ရေ)၏ နှစ်ပတ်လည်နေ့ (Navy Day) ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ကြီးထွားလာသော ပြည်တွင်းသောင်းကျန်းမှု ချေမှုန်းရေးတိုက်ပွဲများနှင့် မြန်မာ့ပင်လယ်ပြင်ပိုင်နက် ကာကွယ်စောင့်ရှောက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သော မေယု စစ်သင်္ဘောကြီးသည် တပ်မတော်(ရေ)၏ ဂုဏ်ကိုသာမက နိုင်ငံ့ဂုဏ်ရည်ကိုပါ ထမ်းဆောင်ခဲ့သော သမိုင်းဝင်ရေယာဉ်တစ်စီးလည်းဖြစ်သည်။ ထူးခြားချက်မှာ ဤစစ်ရေယာဉ်ကို ဗြိတိသျှတို့ထံမှ လက်ခံရယူခဲ့သူမှာ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးနှင့် တပ်မတော်၏ဖခင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင်ဖြစ်၍ မေယုဟူသောအဓိပ္ပာယ်ပြည့်ဝသော အမည်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်းကပင် စိတ်ကူးစိတ်သန်းကောင်းစွာဖြင့် အမည်နာမပေးခဲ့ခြင်းလည်း ဖြစ်သည်။
" H.M.S Fal"
စစ်ရေယာဉ်မေယုသည် ဒုတိယကမ္ဘာစစ်အတွင်း ရေကြောင်းတိုက်ပွဲများတွင်ပါဝင်ခဲ့သည့် ဗြိတိသျှတော်ဝင်ရေတပ်မတော်မှ (River Class) အမျိုးအစား ဖရီးဂိတ်(Frigate) စစ်သင်္ဘောကြီးဖြစ်ပြီး ၄င်း၏မူလနာမည်မှာ (H.M.S Fal) ဖြစ်ပါသည်။ ဖားလ်မြစ်(River Fal) ကိုအစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ H.M.S Fal ကို ၁၉၄၂ခုနှစ် မေလ ဒုတိယကမ္ဘာစစ်အတွင်းတွင် အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်မြို့ရှိ စမစ်(Smith) သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ရာ ၁၉၄၂ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့တွင်တပ်တော်ဝင်(Commissioned) ပြုလုပ်၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ကွန်ဗွိုင်ရေယာဉ်အုပ်စု အစောင့်လိုက်တာဝန်များကို ထမ်းဆောင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Fal သည် အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းတွင် စစ်ဆင်ရေးတာဝန်များကို ဦးစွာတာဝန်ထမ်းဆောင်ခဲ့ရသည်။ ထို့နောက် အာဖရိကမြောက်ပိုင်း ဖရီးတောင်း(Free Town) မြို့ကိုအခြေပြု၍ လာဂိုစ့်(Lagos)၊ တာကိုရာဒီ(Takoradi)နှင့် ဖရီးတောင်းမြို့များအကြားရှိ အနောက်အာဖရိကရေလမ်းကြောင်းတစ်လျှောက် ကွန်ဗွိုင်ရောယာဉ်အုပ်စုများကို အစောင့်လိုက်သင်္ဘောအဖြစ် လိုက်ပါစောင့်ရှောက်ရသည်။ ထိုအချိန်က အတ္တလန္တိတ် စစ်ဆင်ရေးကြီးကို မဟာမိတ်တို့က ဆင်နွှဲခဲ့ပြီးဖြစ်သောကြောင့် ဂျာမန်ရေငုပ်သင်္ဘော (U-Boat)များ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို မစိုးရိမ်ရတော့ပေ။ ထို့ကြောင့် Fal အနေဖြင့် ရန်သူ့လှုပ်ရှားမှုနှင့် ထိတွေ့ရခြင်းမရှိဘဲ ပုံမှန်အစောင့်လိုက်တာဝန်ကိုသာ ထမ်းဆောင်ခဲ့ရသည်။ ၁၉၃၅ခုနှစ် မေလ ၉ရက်နေ့က ဥရောပတိုက်တွင် ဂျာမန်တို့ လက်နက်ချသည့်အခါ အာရှတိုက်တွင် လက်နက်မချသေးဘဲ ကျန်ရှိနေသည့် ဖက်ဆစ်ဂျပန်တို့ကို ဆက်လက်ချေမှုန်းတိုက်ခိုက်ရန် မဟာမိတ် စစ်ရေယာဉ်အချို့ကို စေလွှတ်ခဲ့ရာတွင် အာဖရိကတောင်ပိုင်းရှိ ဆိုင်မွန်စ်တောင်း(Simonstown)မြို့တွင် အခြေပြုနေသော Fal သည်လည်းပါဝင်ခဲ့သည်။
"အာရှရောက် Fal"
မြန်မာနိုင်ငံကို မဟာမိတ်များက ပြန်လည်ထိုးစစ်ဆင်ချိန်တွင် ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့မျိုးချစ်တော်လှန်ရေးသမားက တော်လှန်ရာတွင် မြန်မာ့အမျိုးသားရေတပ်မတော်သားများကလည်း စစ်ရေယာဉ် Fal နှင့်အတူ မေယုမြစ်ဝှမ်း ရခိုင်တိုက်ပွဲများတွင် ရွပ်ရွပ်ချွဲချွံ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ယင်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေယာဉ် Fal ကို လက်ခံရရှိသောအခါ HMBS Mayu (ခ) မေယု(Mayu)ဟု အမည်သစ်ပေးကင်းပွန်းတပ်ခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝလှသောအမည်တစ်ခုဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအမြင်ကြွယ်ဝမှုမှာ ချီးကျူးဖွယ်ဖြစ်ပါသည်။
"HMS Fal မှ HMBS Mayu"
၁၉၄၅ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်ဂျပန်တို့ လက်နက်ချသဖြင့် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သည်။ ထိုအခါဗြိတိသျှအစိုးရက စစ်ရေယာဉ် Fal ကို မြန်မာနိုင်ငံအရံတော်ဝင်ရေတပ် Burma Royal Naval Volunteer Reserve သို့ ၁၉၄၇ခုနှစ် မေလ ၂၅ရက်နေ့ တနင်္ဂနွေနေ့ ၁၂း၀၀နာရီအချိန်တွင် အခမ်းအနားဖြင့် (On Lone အဖြစ်) လွှဲပြောင်းပေးခဲ့သည်။ ယင်းအခမ်းအနားကို စစ်ရေယာဉ် Fal ပေါ်တွင်ကျင်းပခဲ့ရာ ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ကာ ဂုဏ်ပြုအဖွဲ့ကိုစစ်ဆေး၍ မိန့်ခွန်းပြောကြားကာ ရေယာဉ်အား နိုင်ငံ့ကိုယ်စား လက်ခံရယူခဲ့သည်။ ဤအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းကို အင်္ဂလိပ်ဘာသာဖြင့်ပြောကြားခဲ့သည်။ မိန့်ခွန်းထဲတွင် ဤစစ်ရေယာဉ်ကို HMS Fal မှ HMBS Mayu သို့ပြောင်းလဲအမည်ပေးလိုက်ကြောင်းတစ်ပါတည်း ထည့်ပြောခဲ့သည်။
ထိုအချိန်က မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရရှိသေးချေ။
ဗိုလ်ချုပ်အောင်းဆန်းပြောကြားခဲ့သော မိန့်ခွန်းမှာအောက်ပါအတိုင်းဖြစ်သည်-
"I accept on behalf of the Burma Government the free loan of HMS Fal generously offered by His Majesty's Government. This is an auspicious occasion as, with the hand-over of this frigate, the Burma Royal Naval Volunteer Reserve will have for the first time a Major Warship fit to withstand all weather conditions. In keeping with the national status of the country it will be desirable to rename this ship while she is being used by the Burma Navy. I propose to rename her after the River Mayu in Arakan with which the officers and men of the Burma Royal Naval Volunteer Reserve in active service during the last war had proud associations. As you are all aware it was along the beaches of this river that the Burma Royal Naval Volunteer Reserve played a prominent part in the active operations against the Japanese during the famous Arakan Campaigns. Their courage, determination and resolut during these operations have won for them a well-deserved praise and I as a Burman take pride in their achievements.
I wish to thank, on behalf of my government, Lt. Commander Mitchell, his officers and men for bringing this ship safely to our hands. I now rename the ship HMBS Mayu and hand over to Lt. Commander Khin Mg Bo to take charge of its command under the orders of the officer commanding, Burma Royal Naval Volunteer Reserve and the Burma Government.
25 May 1947"
ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ရခိုင်စစ်မျက်နှာ မေယုမြစ်ဝှမ်း၌ ပါဝင်ဆင်နွှဲခဲ့ကြသော မြန်မာ့ရေတပ်မတော်သားတို့၏ ဂုဏ်ယူဖွယ်ဖြစ်သော တာဝန်ထမ်းဆောင်မှုအခန်းကဏ္ဍကို မိန့်ခွန်းထဲတွင် မှတ်မှတ်ရရထည့်သွင်းပြောကြားကာ ဂုဏ်ပြုခဲ့ပေသည်။ (မေယုစစ် သင်္ဘောကို လက်ခံပြီး နှစ်လခန့်အကြာ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ စနေနေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ ကျဆုံးခဲ့ရသည်။)
ရေယာဉ်ကိုလွှဲပြောင်းစဉ်က စစ်ရေးယာဉ်မှူးမှာ ဗြိတိသျှတော်ဝင်ရေတပ်မတော်မှ ဗိုလ်မှူး မစ်ချဲ(Lt. Commander Mitchell) ဖြစ်ပြီး မြန်မာနိုင်ငံ ရေတပ်မတော်မှ ဗိုလ်မှူး ခင်မောင်ဘို(Lt. Commander Khin Mg Bo)ဖြစ်သည်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။
ထို့ကြောင့် မေယုစစ်သင်္ဘောကိုလည်း ၁၉၄၈ခုနှစ် သြဂုတ် ၂၉ရက်နေ့တွင် မြန်မာ့ရေတပ်မတော်သို့ Free Gift အဖြစ် အပြီးအပိုင်လွှဲပြောင်းပေးခဲ့သည်။ လွတ်လပ်သော မြန်မာ့ရေတပ်မတော်ပိုင် စစ်ရေယာဉ်ဖြစ်လာသော မေယုကို HMBS Mayu ကို UBS Mayu သို့ အခေါ်အဝေါ်ပြောင်းလဲခဲ့သည်။ ထိုအချိန်တွင် မေယုစစ်သင်္ဘောကြီး၏သက်တမ်းမှာ ၅နှစ်မျှသာရှိသေးရာ အလွန်သစ်လွင်သော သက်တမ်းပင်ရှိသေးသည့် ဖရီးဂိတ်အဆင့် စစ်သင်္ဘောကြီးကို ပိုင်ဆိုင်ခဲ့ရသဖြင့် မြန်မာ့ရေတပ်မတော်အတွက် မေယုသည် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ခဲ့သည်။ ထို့ကြောင့်မေယုသည် မြန်မာ့ရေတပ်မတော်တွင် စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ၃၂နှစ်လုံးလုံး မြန်မာ့ရေတပ်မတော်၏ အလံဆောင်အဓိကစစ်ရေယာဉ်(Flag Ship)ဖြစ်ခဲ့လေသည်။
"ပြည်တွင်းသောင်းကျန်းမှု ချေမှုန်းရေးတိုက်ပွဲဝင်"
လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပသွေးထိုးမှုကြောင့် ပြည်တွင်းသောင်းကျန်းမှု အရှိန်အဟုန်အပြင်းအထန်ဆုံးသောကာလများဖြစ်သည့် ၁၉၄၈-၅၀ ခုနှစ်များတွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် စစ်ရေယာဉ်မေယုသည် သောင်းကျန်းသူများကို နှိမ်နင်းသည့်မြို့သိမ်းတိုက်ပွဲများတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ရပြန်သည်။ စစ်ရေယာဉ်မှူး ဗိုလ်မှူးခင်ဖေကြီးဦးစီး၍ အင်းစိန်သိမ်းတိုက်ပွဲ(၁၉၄၈)၊ သန်လျင်-ကျိုက်ခေါက်ဘုရားတိုက်ပွဲ(၁၉၄၈)၊ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ(၁၉၄၉)နှင့် မော်လမြိုင်မြို့သိမ်းတိုက်ပွဲ(၁၉၅၀)တို့တွင် ပါဝင်ဆင်နွှဲခဲ့ရသည်။ စစ်ရေယာဉ် မေယုသည် ၁၉၄၉ခုနှစ်တွင် အရှေ့ပါကစ္စတန်နိုင်ငံ(ယခု ဘင်္ဂလားဒေရှ့်)သို့ ချစ်ကြည်ရေးခရီးစဉ် ၂ကြိမ်သွားခဲ့ပြီး၊ သြစတြေးလျနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ တစ်ကြိမ် ချစ်ကြည်ရေးခရီးများ အသီးသီးသွားရောက်ခဲ့ရလောက်အောင် မြန်မာ့ဂုဏ်ဆောင်စရာဖြစ်ခဲ့သည်။
မြန်မာ့ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းတစ်လျှောက်တွင် နှစ်ပေါင်း ၃၂နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်အချိန်တွင်မူ ရေယာဉ်၏ကုန်းပတ်များ၊ ရေလုံခန်းများစသည့် Strength Member များဆွေးမြည့် ပျက်စီးလာမှုရှိလာခြင်း၊ ရေယာဉ်ကိုယ်ထည်ကို Riveted Construction နည်းဖြင့်တည်ဆောက်ထားခဲ့သည့်အတွက် ရေလုံမှု Water Tight Integrity ကျဆင်းလာခြင်းများကြောင့်ပင်လယ်ပြင်တွင် စိတ်ချလက်ချ သုံးစွဲရန်မသင့်တော့ဟုဆုံးဖြတ်ပြီးနောက် ၁၉၇၉ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် တပ်တော်ဝင် အဖြစ်မှ ရပ်စဲ( Decommissioned ပြုလုပ်)ခဲ့သည်။
"မေယုစွမ်းရည်"
မေယုစစ်သင်္ဘောကြီးသည် အလျား ၃၀၁ ပေ ၇လက်မ၊ ဗျက် ၃၇ပေ၊ ဝန်ပြည့်အလေးချိန် ၂၁၇၀တန်နှင့် ဝန်ပြည့်ရေစူး ၁၃ပေရှိသည်။ မူလက Boiler နှစ်လုံး၊ မြင်းကောင်ရေ ၅၅၀၀ အား(Twin Shafts) ဖြင့် တစ်နာရီလျှင် ရေမိုင် ၂၀နှုန်းခုတ်မောင်းနိုင်သည်။ မူလတပ်ဆင်ခဲ့သောလက်နက်များမှာ ၄လက်မ အမြောက်(၂)လက်၊ ၄၀မမ ဘော်ဖာ အမြောက်(၄)လက်၊ Hedgehop (ရေမြုပ်ဒုံး) ၂၄ခုနှင့် Depth Charge (ရေမြုပ်ဗုံး) များတပ်ဆင်ထားသည်။
နောင်အခါ ၄လက်မ အမြောက်(၂)လက်၊ ၄၀မမ ဘော်ဖာ အမြောက်(၂)လက်၊ ၂၀မမ စက်အမြောက်(၄)လက်တို့ဖြင့် ပြောင်းလဲဖွဲ့စည်းတပ်ဆင်ခဲ့သည်။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများကို ခွဲစိတ်ကုသနိုင်ရန် ခွဲစိတ်ခန်းပါ ထည့်သွင်းတည်ဆောက်ထားသည်ကို တွေ့ရှိရသည်။ မေယုတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ရေယာဉ်မှူးပေါင်း(၁၄)ဦးရှိခဲ့သည်။
"Museum Ship တစ်ဖြစ်လဲ မေယု"
ယခုအခါ လွတ်လပ်ရေးသမိုင်းဝင်ဖြစ်သော မေယုစစ်သင်္ဘောကြီးကို သန်လျင် ဆိပ်ကြီးရေတပ်လေ့ကျင့်ရေး ဌာနချုပ်စခန်းတွင် ပြတိုက်ရေယာဉ်(Museum Ship)အဖြစ် ထိန်းသိမ်းထားရှိသည်။
Written By။ ဆွေဇင်ညွန့်













