ဒီနေ့မနက် လမ်းဘေးမှာ အားရပါးရထိုင်ပြီး၊ ကချင်အမျိုးသား ဈေးရောင်းသူတယောက်က စေတနာရှိစွာ ပြင်ပေးတဲ့ မြီးရှည်ကို ထိုင်စားခဲ့တယ်။ အသိတယောက်ကို ပြောပြတော့ မလုပ်သင့်ဘူးတဲ့။ ဘာလို့လဲ မေးတော့ နိုင်ငံခြားပြန် ပညာတတ်မို့ဆိုပဲ။ လမ်းဘေးမှာ မစားသင့်ဘူးတဲ့။
ကျမတို့ မြန်မာပြည်မှာ ပြောရဆိုရ၊ လုပ်ရကိုင်ရခက်နေတာ ဒီလို issue တွေပဲ။ ကမ္ဘာ့ပြည်သူလူထုကြီးက ရွေ့လျားနေတာ။ အလုပ်အတွက်၊ ကျောင်းအတွက်၊ အလည်အပတ်အတွက် ရွေ့နေကြတာ။ ဘယ်တိုင်းပြည်ကလူမှ နိုင်ငံခြားကပြန်လာတာကို status တခုလို့ မထင်ဘူး။ အဲဒါက ထူးဆန်းမှုလဲ မဟုတ်ဘူး။
နိုင်ငံခြားပြန်ဆိုတာကို ထူးဆန်းမှုလိုလို လုပ်ကြတော့ အလွန်အကျွံ နေရာပေးချင်သူကပေး၊ နှိမ်ချင်သူကြတော့လဲ ပြည်ပအားကိုးဆိုပြီး နှိမ်လိုနှိမ်။ ဘာတွေမှန်းကို မသိတော့ဘူး။ သင်တန်းတခုမှာ နေ့လည်စာကို hamburger တကူးတက ပြေးဝယ်ထားတယ်။ တယောက်တည်း သီးသန့်ဝိုင်းနဲ့ ။ ဟိုဘက်ဝိုင်းက ငါးပိရေချိုနံ့ရလာတော့ ကျမလဲ နေနိုင်တော့ဘူး။ ဘာလို့သင်တန်းသားတွေနဲ့ အတူတူ မကျွေးတာလဲဆိုတော့ ငါးပိနံ့မခံနိုင်မှာစိုးလို့တဲ့။ ဘယ်နိုင်ငံခြားပြန်အရူးက ငါးပိနံ့ ခံနိုင်ဘူး ပြောထားဘူးပါလိမ့်နော်။ သေချင်စိတ်ကို ပေါက်ရော။
အဲဒီဘာမှန်းညာမှန်းမသိတဲ့ ရောဂါက နိုင်ငံခြားပြန်တွေကိုတင် သက်ရောက်တာ မဟုတ်ပဲ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရေးကိုပါ သက်ရောက်တော့တာပဲ။ ကမ္ဘာမှာက လူအချင်းချင်း အပြန်အလှန်လေးစားမှုပဲ ရှိတယ်။ အလုပ်တခုလုပ်တာမှာ ဘာလူမျိုးဖြစ်လို့ဆိုပြီး အတင်းအကျပ် အောက်ကျို့နေတာ မရှိဘူး။ အလုပ်ခွင် ပရိုတိုကောလ်တော့ ရှိတာပေါ့။ မြန်မာပြည်ကျမှပဲ intern လာဆင်းတဲ့ တတိယနှစ်ကျောင်းသားလောက်ကို ပရော်ဖက်ဆာကြီးလိုပုံမျိုးနဲ့ အနှစ်လေးဆယ်လောက် နိုင်ငံရေးဝါရှိနေသူတွေက တရိုတသေလုပ်ပြနေတာမျိုး၊ မြန်မာပြည်အရေးဘယ်လိုဖြေရှင်းသင့်သလဲလို့ အကြံဥာဏ်သွားတောင်းလို့ ကျောင်းသားတွေက မျက်ကလဲဆန်ပြာဖြစ်ရတာမျိုး အူကြောင်ကြောင် ကိစ္စတွေ ဖြစ်လာတော့တာပဲ။
တခါကရှိသေးတယ်။ နိုင်ငံတကာကွန်ဖရင့်မှာ အပိတ်အမှာစကားလာပြောတဲ့ တိုင်းပြည်အဆင့်ဝန်ကြီးက သူ့အသံထွက်မကောင်းလို့တဲ့။ နိုင်ငံခြားသားတွေကို ဦးညွှတ်တောင်းပန်နေတာ။ စင်ပေါ်ကြီးကနေ ပြောတာလေ။ ဘယ်တိုင်းပြည်မှာများ ဒီလိုလုပ်တယ် ကြားဖူးလို့လဲ။
တချို့က ပြောတယ်။ ဒီလိုဖြစ်ရတာ အင်္ဂလိပ်စာ ပြောတတ်သူတွေ ဝန်ကြီးမဖြစ်လို့တဲ့။ ဝန်ကြီးဖြစ်ဖို့မှာ တစုံတရာ communication skill ရှိရမယ်ဆိုတာ လက်ခံတယ်။ ဒါကတော့လေ့လာသင်ယူဖြည့်ဆည်းရမယ့်အပိုင်း။ ဒါပေမယ့် နိုင်ငံတကာ ပရိုတိုကောမှာ သူ့ဘာသာစကား ကိုယ်ပြောတာ အသံထွက်မကောင်းလို့ စင်ပေါ်က အောက်ကျို့ တောင်းပန်ရိုးထုံးစံမှ မရှိတာပဲ။
နိုင်ငံခြားပြန်တချို့တွေကျပြန်တော့လဲ ရောဂါကတမျိုး။ ကိုယ့်အချင်းချင်း ဘာသာစကားမကျွမ်းကျင်သူတွေကို လက်တွဲခေါ်မယ့်အစား၊ နိုင်ငံခြားသားတွေရှေ့ရောက်ရင် ကိုယ်ပဲသိကိုယ်ပဲတတ် လုပ်ပြချင်တဲ့ အချိုးတွေ၊ မဖြစ်ညစ်ကျယ်လုပ်ပြချင်တာတွေ၊ ကိုယ့်လူမျိုးတယောက် မျက်နှာငယ်ရရင် ကိုယ့်လူမျိုးတရပ်လုံးကို ထိခိုက်တယ်ဆိုတဲ့ collective representation ကို မစဉ်းစားတာတွေ၊ နိုင်ငံခြားသားမြင်တာနဲ့ အချင်းချင်းစကားပြောတာတွေရပ်ပြီး၊ အပြေးအလွှားထထွက်ကြတာတွေ မမြင်ချင်မှအဆုံး။ မကြားချင်မှ အဆုံး။ ဒီကြားထဲ ငါးပိနံ့ မခံနိုင်ဘူးဆိုတာနဲ့၊ ဖိနပ်ရွံ့ပေမှာ ကြောက်တယ်ဆိုတာနဲ့။ လူအများကြား တသားတည်းမရှိတဲ့ ဘဝင်တွေက တမျိုး။
အသိနိုင်ငံခြားသားတွေက ပြောဖူးတယ်။ နင်တို့နိုင်ငံက လူတွေကိုလဲကြည့်ပြောပါဦး။ နင်တို့တိုင်းပြည်ကို နင်တို့တည်ဆောက်ရမှာ။ ငါတို့က အကူအညီပေးရမှာ။ တချို့အလုပ်တွေက နင်တို့က initiative ယူရမှာ။ အချင်းချင်းဆွေးနွေးပြီး ဆုံးဖြတ်ရမှာ။ နင်တို့ဆုံးဖြတ်ချက်ကို ငါတို့က ပံ့ပိုးပေးမှာ။ ခုကအဲလိုမဟုတ်ပဲ မြန်မာအချင်းချင်းကို မတိုင်ပင်ပဲ၊ ဆုံးဖြတ်ချက်မယူပဲ ငါတို့နဲ့ လာတိုင်ပင်ပြီးမှ မြန်မာတွေကို ပြန်ချပြဖို့လုပ်ကြတယ်။ အဲဒါဒီမိုကရေစီမှ မဟုတ်ပဲ။ ဒါ နင်တို့နိုင်ငံလေ တဲ့။
ဘာတွေဖြစ်နေကြတာမှန်းမသိတော့ ဘယ်လို ပြောရမှန်းတောင် မသိတော့။ ကျွန်စော်နံတာလို့လဲ ရင့်ရင့်သီးသီး မသတ်မှတ်ချငိ။ အားငယ်စိတ်၊ အငုံ့စိတ်နဲ့ အားကိုးလွန်စိတ်တွေပဲ ဖြစ်မယ်ထင်ပါရဲ့။
ဒါပေမယ့် အမွေလုကြရင်း နှစ်ဘက်ရှေ့နေစား၊ တရားသူကြီးစားလိုက်ကြတာ အိမ်တိုင်တောင် မကျန်တော့တဲ့ မောင်နှမပုံပြင်လိုမျိုး မြန်မာပြည်ဖြစ်သွားမှာတော့ စိုးရိမ်မိရဲ့။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ရှင်။ ဒီအတွေးလေး စတွေးမိစေတဲ့ အဲဒီလမ်းဘေးဆိုင်လေးတွေရဲ့နောက်ကွယ်မှာ ပြည့်သူ့ဘဝဆိုတာရှိတာကိုတော့ပြောချင်ပါတယ်။ အဲဒီကချင်အမျိုးသားကြီးက ရတဲ့အမြတ်ငွေတွေနဲ့ ကချင်ပြည် သူ့ရွာက စစ်ဘေးရှောင်ကလေးငယ်လေးတွေကို ကျောင်းထားပေးနေတာပါတဲ့။
လမ်းဘေးဆိုင်တွေပဲ စားရမယ်လို့ ကျမပြောနေတာမဟုတ်ပါ။
ကျမလဲကြုံသလိုစားသူပါ။ ဟိုတယ်မို့၊ လမ်းဘေးဆိုင်မို့ဆိုတာတွေ သိပ်ထည့်မတွက်တတ်ပါ။ ကြုံသလိုစားပါတယ်။ ဒါပေမယ့် လမ်းဘေးဆိုင်တွေကိုလဲ အထင်မသေးကြပါနဲ့။ မြန်မာ့လူဦးရေအနည်းဆုံး တသန်းကျော်ဟာ ဒီဆိုင်လေးတွေနဲ့ ဘဝရပ်တည်နေကြတာပါ။ လမ်းဘေးက ပြည်သူ့ဘဝကို နားလည်ပေးကြပါရှင်။
ခင်မမမျိုး (23/7/2015)













