• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

မည်သူမျှ ကိုယ်ပိုင်ဥစ္စာမရှိပါ (သို့မဟုတ်)
အသောကမင်းကြီးရဲ့ ဘ၀နိဂုံး

ဓမ္မအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် တိရိစ္ဆာန် လူ နတ် ဗြဟ္မာ သတ္တဝါတွေမှာကိုယ်ပိုင်ဥစ္စာရယ်
လို့မရှိပါဘူး။
လောကအလိုအားဖြင့်တော့ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုတာ အနည်းနှင့်အများသာကွာခြားပါတယ်။ ရှိတန်သလောက်တော့ ရှိနေကြတာပါ။
ဒါပေမယ့် ပစ္စည်းဥစ္စာဆိုတာက (ရေ မီး မင်း ခိုးသူ သားဆိုးသမီး)ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး ပျက်စီး ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။
အဲဒီရန်သူမျိုးငါးပါးနဲ့ မကြုံသေးခင်မှာတော့ ကိုယ်ပိုင်ဥစ္စာလို့ ထင်နေတတ်ကြပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီပြောမယ်ဆိုရင် ပြည့်စုံခြင်းဆိုတဲ့အရာဟာ ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်တဲ့။
လောကမှာ ပြည့်စုံနေ၊ ကြီးပွားချမ်းသာနေခြင်းဟာ နောက်ဆုံးတစ်ချိန်မှာတော့ ပျက်ဆီးသွားကြတာချည်းပါပဲ။ မွေးဖွားခြင်းသည် သေခြင်းမှာအဆုံးရှိတယ်ဆိုသလိုပေါ့။
ပြည့်စုံချမ်းသာခြင်းသည်လည်း ပျက်ဆစီးခြင်းလျှင်အဆုံးရှိတယ်လို့ပြောရမှာပါ။ တကယ်တော့ ဒီစကားလုံးလေးက ဦးဇင်းတို့ဥာဏ်ကနေ ထွက်ပေါ်လာတာမဟုတ်ပဲ မြတ်စွာဘုရားရှင်ရဲ့ စကားလုံးတော်လေးပါ။
မှန်ပါတယ်။ စောစောက ပစ္စည်းဥစ္စာများ ဘယ်လိုပဲပြည့်စုံနေပါစေ၊ နောက်ဆုံးမှာတော့ (သေဆုံးချိန်)မှာတော့ဘာတစ်ခုမှယူသွားလို့မရပါဘူး။ထို့အတူ အခြံအရံများခြင်းဟာလည်း အခြံရံမဲ့ခြင်းမှာအဆုံးသတ်ပါတယ်။
လောကဘက်က ကောင်းတာမှန်သမျှ နောက်ဆုံးကျတော့ အကုန်လုံး ကင်းမဲ့ သွားတော့တာပဲလေ။အဲဒီအကြောင်းလေးကိုသက်သေပြတဲ့အနေနဲ့ အသောကမင်းကြီး၏အတ္ထုပ္ပတ္တိကို
ဖတ်ခြင်းဖြင့်သိနိုင်ပါတယ်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် (၂၁၈)နှစ်လောက်မှာ အိန္ဒိယနိုင်ငံမှာ အသောကမင်းကြီးဆိုတာပေါ်ထွန်းခဲ့ပါတယ်။
ဇဗ္ဗူဒီပါတစ်ကျွန်းလုံးကို အစိုးရတယ်လို့ ဆိုပါတယ်။ အဋ္ဌကထာဆရာတွေရဲ့အဆိုရ ပြောမယ်ဆိုရင် အထက်ကောင်းကင် တစ်ယူဇနာအထိအစိုးရတယ်၊ ဘုန်းတန်ခိုးကြီးတယ်လို့ဆိုပါတယ်။
ဒါပေမယ့် နောက်ဆုံးနတ်ရွာစံခါနီး အချိန်မှာတော့ ဆီးဖြူသီးတစ်ခြမ်းမျှသာပိုင်ဆိုင်အစိုးရတော့တယ်လို့ ဝိသုဒ္ဓိမဂ်မှာပြဆိုထားပါတယ်။ အသောကမင်းကြီးက စောစောပိုင်းကတော့ အလွန်တန်ခိုးကြီးတယ်။ ဇဗ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရတယ်လို့လည်းချီးကျူးရတယ်။ ပစ္စည်းဥစ္စာတွေလည်း အလွန်ပေါများပြည့်စုံပါတယ်။
တစ်နေ့တည်းနဲ့ကို(၉၆)ကုဋေတောင်လှူခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ဘုန်းတန်ခိုး သြဇာ အာဏာ အခြံအရံ စည်းစိမ်ဥစ္စာပြည့်စုံခဲ့တဲ့မင်းကြီး နောက်ဆုံး နတ်ရွာစံခါနီးကျတော့ ကျန်းမာရေးက ဖောက်ပြန်လာတယ်။ အာသောကမင်းကြီးထံမှာ ခစားနေတဲ့ မှူးကြီး အမတ်ကြီး စတဲ့သူတွေကလည်း ရိုသေမှုတွေပေါ့သွားဟန်တူပါတယ်။
အာသောကမင်းကြီးကျန်းမာရေးမကောင်းတဲ့အချိန်မှာ စားဖွယ်များကို မူလက ဆက်သနေကျအတိုင်း ရွှေခွက်နဲ့ဆက်သပါတယ်။ စားသုံးပြီးတဲ့အခါကျတော့ အာသောကမင်းကြီးက အဲဒီရွှေခွက်ကို ကုက္ကုဋာရာမကျောင်းကို ပို့လှူစေတယ်။
အဲဒီနောက် ငွေခွက်နဲ့ ဆက်သတယ်။ ရိုသေမှုတွေ တစ်စတစ်စ လျော့နည်းသွားပုံပါ။ အဲဒီငွေခွက်ကိုလည်း ကုက္ကုဋာရာမကျောင်းကိုလှူစေပြန်တယ်။ အဲဒီလို ရွှေခွက် ငွေခွက်တွေကိုလှူတယ်ဆိုတာကလည်း ကုဋေ တစ်ရာပြည့်ရန် လေးကုဋေလိုနေတဲ့အတွက် ပြည့်အောင်လှူတယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ မှူးမတ်များက စားစရာ သောက်စရာများကို မြေခွက်နဲ့ဆက်သကြတယ်တဲ့။ ရိုသေမှုတွေ လေးစားမှုတွေ ကြောက်ရွံ့မှုတွေ အတော်နည်းသွားတဲ့သဘောပါ။ နောက်ဆုံးမှာတော့ မင်းကြီးရဲ့လက်ထဲကို ဇီးဖြူသီးတစ်ခြမ်းမျှသာရောက်လာပါတယ်။
အဲဒီတော့ အာသောကမင်းကြီးလည်း အင်မတန် ထိတ်လန့် တုန်လှုပ်ခြောက်ခြားသွားတော့ မှူးမတ်တွေ နန်းတွင်သူ နန်းတွင်သားတွေ ကိုစည်းဝေးစေပါတယ်။ စည်းဝေးပြီးတဲ့အခါမှာတော့ အာသောကမင်းကြီးက ဒီနိုင်ငံမြေကို ဘယ်သူအစိုးရသလဲလို့မေးတော့ မှူးမတ်တွေက အရှင်မင်းကြီးအစိုးရပါတယ်၊ ပိုင်ပါတယ်လို့လျှောက်ပါတယ်။
အဲဒီတော့ မင်းကြီးက မင်းတို့ပြောတဲ့အတိုင်း ငါပိုင်တာ ငါအစိုးရတာမဟုတ်တော့ဘူး။ အခုအခါမှာ ငါပိုင်တာ ငါအစိုးရတာဆိုလို့ ဆီးဖြူသီးတစ်ခြမ်းပဲရှိတော့တယ်လို့ပြောပြလိုက်တယ်တဲ့။ ပြီးတော့ “ပြည့်စုံခြင်းဟူသမျှ ပျက်ဆီးခြင်း အဆုံးရှိတယ်"လို့ဟောတော်မူတဲ့ မြတ်စွာဘုရားစကားတော် တရားတော် မှန်ကန်ကြောင်းကိုလည်း မြွတ်ဆိုသွားပါတယ်။
ဒါကြောင့် သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာမရှိဘူး။ သေတဲ့အခါ အားလုံးကို စွန့်လွှတ်သွားကြရမယ် ဆိုတာ တကယ်မှန်တဲ့ တရားတော်ပါ။ ငါ့ဟာ ငါဥစ္စာနဲ့ အစွဲအလမ်းကြီးနေကြပေမယ့် သေတဲ့အခါကျတော့ (သေတဲ့အခါကိုထားဦး။
အခုအာသောမင်းကြီးဆို သေတောင်မသေသေးခင် နာရုံပဲရှိပါသေးတယ်) ပိုင်ဆိုင်သမျှကိုစွန့်လွှတ်သွားခဲ့ရတာပါ။
သေချိန်ရောက်ရင်တော့ ပြောဖွယ်ရမရှိပါ။ အားလုံး အကုန်လုံးကိုစွန့်လွှတ်သွားကြရပါတယ်။ ကိုယ်မှာဝတ်ထားတဲ့ အဖိုးတန်တဲ့အရာဆို ဘယ်အရာမှတောင် ပါအောင်မယူနိုင်ကြပါဘူး။ ဘယ်သူ့မှာ ငါ့မိဘ ငါ့ဆရာသမားဆိုပြီး အဘိုးတန်းရွှေ ငွေတွေထည့်ပေးလိုက်တာမရှိပါဘူး။ မိမိတို့ပိုင်ဆိုင်တယ်လို့ ထင်ထားတဲ့ ရုပ်ခန္ဓာကိုယ်ပင် စွန့်ခွာကြရတာဆိုတော့ ကျန်တာပြောဖွယ်ရာမရှိတော့ပါဘူး။
အဲဒီလို ဘဝတိုင်း ကိုယ်ပိုင်တယ်လို့ထင်ထားတဲ့ ပစ္စည်းဥစ္စာများကို စွန့်လွှတ်သွားကြရတာတွေကို မြင်တော်မူလို့ မြတ်စွာဘုရားရှင်က မွေးဖွားခြင်းသည် သေဆုံးခြင်းလျှင်အဆုံးရှိတယ်၊ ပြည့်စုံခြင်းသည် ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်၊ လှပပျိုမြစ်ခြင်းသည် အိုခြင်းလျှင်အဆုံးရှိတယ် စသည်ဖြင့်ဟောတော်မူခဲ့တာပါ။
ဒါကြောင့် အားလုံးသော ဒကာ ဒကာမများလည်း အာသောကမင်းကြီး၏အဖြစ်ကိုသံဝေဂယူပြီး မအိုခင် မနာခင် မသေခင်မှာ ကိုယ်ပိုင်ဥစ္စာရှိအောင် ဒါန သီလ သမထ ဝိပဿနာများကိုကြိုးးစားပွားများအားထုတ်ပြီး ကိုယ်ပိုင်မယ့် ဥစ္စာများကိုထုတ်ယူနိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Post a Comment