ညီလေးငယ်သို့ပေးစာတစ်စောင်..
*************************
ညီလေးငယ်ရေ…
ဒီကနေ့ဆိုရင် ၈၈၈၈ အရေးတော်ပုံကြီး (၂၆)နှစ် ပြည့်မြောက်ခဲ့ပါပြီ။
ညီလေးငယ်က ၈၈၈၈ အရေးတော်ပုံကြီးကို မသိ မမှီခဲ့သူမို့
သမိုင်းအမှန်ကို မသိမှာ အစ်ကို စိုးရိမ်မိတယ်။
နေဝင်းဆိုတဲ့ တပ်မတော် အကြီးအကဲက ဗိုလ်ချုပ် ဦးဆောင် ရေးဆွဲခဲ့တဲ့
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို သူ့တစ်သဘောထဲနဲ့ ဖျက်သိမ်းပြီး
၁၉၆၂ ခုနှစ်မှာ ဗမာပြည်ရဲ့ အာဏာကို သိမ်းပိုက်ခဲ့တယ်။
အဲ့ဒီအချိန်ကဆိုရင် အစ်ကိုတို့ ဗမာပြည်ဟာ အရှေ့တောင်အာရှ
အဆင့်လောက် မပြောနဲ့။
အာရှမှာ ဂျပန်ပြီးရင် ဒုတိယ အကြွယ်ဝ အချမ်းသာဆုံး နိုင်ငံတစ်ခု
ဖြစ်ခဲ့တယ် ဆိုရင် ညီလေးငယ် ယုံပါ့မလား ??
အကောင်းဆုံး တက္ကသိုလ် ၊ အကောင်းဆုံး လေယာဉ်ကွင်း ၊
အကောင်းဆုံး တိရစ္ဆာန်ရုံ စတဲ့ အကောင်းဆုံး အကောင်းဆုံး ...
ဆိုတာတွေဟာ အာရှမှာ ထိုစဉ်က ဗမာပြည်မှာသာ ရှိခဲ့တယ်။
ညီလေးငယ်ရေ…
ညီလေးငယ်တို့ အခုကြိုက်နေ ကြည့်နေတဲ့ ..
ကိုရီးယား မင်းသား မင်းသမီးတွေနဲ့ အဆိုတော်တွေရဲ့
အဖေ အမေ အဘိုး အဘွားတွေဟာ အဲ့ဒီအချိန်တုံးက
ကိုရီးယား တိုင်းပြည် ဆင်းရဲငတ်ပြတ် နေလို့ ,..
အစ်ကိုတို့ ဗမာပြည်ကနေ ဆန်၊ ပဲ စတဲ့ စားစရာတွေကို
လှူခဲ့ရတာကို စားခဲ့ရဖူးတယ်ဆိုရင် ညီလေးငယ် ယုံနိုင်ပါ့မလား ??
အဲဒီလိုနဲ့ နေဝင်းဟာ တိုင်းပြည်အာဏာကို သိမ်းပိုက်ထားပြီးတဲ့နောက်မှာ
ဆိုရှယ်လစ်စနစ် ကမ္ဘာမှာ အားကောင်းလာတော့
မြန်မာ့နည်း မြန်မာ့ဟန်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုပြီး
တစ်ပါတီစနစ်နဲ့ ဗမာပြည်ကို ဆက်လက် ချုပ်ကိုင်ခဲ့ပြန်တယ်။
အစ်ကိုတို့ ဗမာပြည်သူတွေဟာ သမဝါယမဆိုင်ဆိုတဲ့
သမဆိုင်တွေမှာ ဆပ်ပြာတန်းစီရ ၊ နို့ဆီဗူးလေးတန်းစီရ ဘဝနဲ့
ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည်အဆင့်ကို ရောက်သွားပြီး
ဆင်းရဲမွဲတေတဲ့ ပြည်သူတွေ ဖြစ်သွားကြပေမယ့်
နေဝင်း ခေါ် ရှုမောင်ဆိုတဲ့ တိုင်းပြည်အာဏာ မတရား သိမ်းပိုက်ထားတဲ့
တပ်မတော် ခေါင်းဆောင်ကတော့ ကြွယ်ဝချမ်းသာလာပြီး ...
ယိုးဒယားမကို တီးတာ ၅ ပြား ၁၀ ပြား သုံးစွဲလို့
တန်ဖိုးရှိနေတဲ့ အဲ့အချိန်ကတောင် ဒေါ်လာသန်းချီပြီး
လျော်ကြေး ပေးနိုင်သူ ဖြစ်ခဲ့တယ်။
ညီလေးငယ်ရေ…
သမိုင်းကို ဘယ်လိုပဲ ဖျောက်ဖျက်ပါစေ။
ရန်ပွဲတစ်ခုက စတယ်လို့ပဲပြောပြော မတရား ဖိနှိပ်ခံရပြီး
ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေဟာ နောက်ဆုံးမှာတော့
အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးကို
၁၉၈၈ ခုနှစ်မှာ ထုတ်ဖော်လာပါတော့တယ်။
လက်နက်မဲ့ ပြည်သူတွေဟာ ဒေါင်းအလံနဲ့ ဗိုလ်ချုပ်ပုံကို
ရှေ့မှာထားလို့ လက်ချင်းတွဲချိတ်ကာ လမ်းလျှောက် ချီတက်ပြီး
"ဒီမိုကရေစီရရှိရေး … ဒို့အရေး" ဆိုပြီး ...
ပြည်သူမှာ အာဏာရှိတဲ့စနစ် (ဒီမိုကရေစီစနစ်)ကို
ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတယ်။
အာဏာရှင် စစ်ခေါင်းဆောင် အဆိုးရဟာ
ဗမာစကား မတတ်တဲ့ --တပ်သားတွေကို ခေါ်ပြီး
လက်နက်မဲ့ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေတဲ့ ပြည်သူတွေကို
သူပုန်တွေ ဆိုပြီး လူမဆန်စွာ ပစ်ခတ် နှိမ်နှင်း မတရား
သတ်ဖြတ် ခိုင်းခဲ့တယ် ညီလေးငယ်ရယ်။
ပြည်သူတွေဟာ ဆူပူတယ်။
ခေါင်းဖြတ်သတ်ပြီး လူသားပါ စားတယ်ဆိုပြီး..
ဝါဒဖြန့်ခံရတဲ့ တောင်ဥက္ကလာပမြို့နယ်က (၆)ရပ်ကွက်၊
ကေတုမတီ လမ်းမပေါ်မှာ တိုက်အိမ်ကြီး ဟီးနေအောင်
သွားဆောက်ပြီး မဲလိမ်မဲခိုးလို့ တောင်ဥက္ကလာပမြို့နယ်
လွှတ်တော်အမတ်အဖြစ် အောင်သိန်းလင်း မတရား အမတ် ဝင်လုပ်နေတဲ့
တောင်ဥက္ကလာက ရဲနယ်ထိန်း ကြာမြင့်တို့ကို ..
ခေါင်းဖြတ်သတ်တာဟာ အဆိုးရက ထောင်ဖောက်လွှတ်ပေးလိုက်တဲ့
ရန်ကြွေးရှိတဲ့ ရာဇဝတ်သားတွေ ဆိုတာ တ/ဥက္ကလာပ သားတွေ
သိကြပါတယ် ညီလေးငယ်ရယ်။
ဒီအချိန်မှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကျန်းမာရေး မကောင်းလို့ ..
ရောက်ရှိနေတဲ့ ညီလေးငယ်တို့တွေ ချစ်မြတ်နိုးစွာနဲ့ အမေစုလို့ခေါ်တဲ့
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် အဆိုးရဆီကနေ
ပြည်သူ့ထံကို အာဏာ ပြန်လည် ရောက်ရှိလာဖို့ အတွက်
လူထုခေါင်းဆောင်အဖြစ် ပြည်သူတွေက ဦးဆောင်ခိုင်းခဲ့တယ်။
ဗိုလ်ချုပ်တည်ဆောက်ခဲ့တဲ့ တပ်မတော်ဟာ....
တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီး...
ပြည်သူကို မတရား ဖိနှိပ် ညှင်းပန်း နှိပ်စက် အုပ်ချုပ်နေတဲ့အတွက်..
ပြည်သူက လူထုခေါင်းဆောင်အဖြစ် ရွေးချယ် တာဝန် ပေးအပ်ခံရတဲ့..
ဗိုလ်ချုပ်ရဲ့ သမီးထွေးလေး ဒေါ်အောင်ဆန်းစုကြည်ခမျာ..
မိန်းမသားပေမယ့် ဖခင်ရဲ့ မွေခံထိုက်တဲ့ သမီးကောင်း ပီသစွာနဲ့ ..
တပ်မတော်ကို မူလ လမ်းကြောင်းမှန် ဖြစ်တဲ့ တိုင်းပြည် ကာကွယ်ရေး
နေရာမှာသာ ပြန်တာဝန်ယူစေပြီး ပြည်သူ့ထံကို အာဏာ ပြန်လည် ရရှိစေဖို့
ငြိမ်းချမ်းစွာနဲ့ တောင်းဆိုခဲ့တယ်လေ။
ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ
ဗမာပြည်ကနေ ထွက်ခွာစေဖို့ အနုနည်းနဲ့ မောင်းထုတ်ပေမယ်
့ ပြည်သူက ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သူ
ဗိုလ်ချုပ်သွေးပီသတဲ့ ဗိုလ်ချုပ်ရဲ့ သမီးထွေးလေးက
ဗမာပြည်ကနေ ခြေတစ်ဖဝါးမှ မစွန့်ခွာတာကြောင့် ..
နေအိမ်ထဲမှာ ဖမ်းဆီး အကျဉ်းချခံလိုက်ရတယ် ညီလေးငယ်ရယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခင်ပွန်းနဲ့ သား(၂)ဦးကို စွန့်ပယ်ပြီး
ပြည်သူတွေကို ရွေးချယ်ခဲ့တယ် ညီလေးငယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်ဟာ
အင်္ဂလိပ်လူမျိုး ဘာသာခြား မူလက ဖြစ်ခဲ့ပေမယ့်
ဗုဒ္ဓဘာသာဝင် ဖြစ်လာသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား(၂)ဦးကိုလည်း
ဗုဒ္ဓရဲ့ သာသနာတော်ထဲ ပို့ဆောင်ချီးမြှောက် နိုင်ခဲ့တဲ့
ရှင်လောင်းအဖေ ပဉ္ဇင်းအဖေ သာသနာ့ ဒါယိကာကြီး ဖြစ်လာတဲ့
အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ စွမ်းဆောင်နိုင်ခဲ့သူပါ ညီလေးငယ်။
ဒါကို သရဏဂုံတောင် ဌာန် ကရိုဏ်းကျကျ
ဘယ်လိုရွတ်ဆိုရမှန်း မသိတဲ့ လူတွေက
ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဘာသာ သာသနာပျောက်မယ် ဆိုပြီး
အရှက်မရှိ လိမ်ညာ ဝါဒဖြန့်နေတာတွေကို ညီလေးငယ်လဲ တွေ့မြင်နေရမှာပါ။
ညီလေးငယ်ရေ…
ဘာသာခြားကို ဗုဒ္ဓဘာသာဝင် ဖြစ်လာအောင် စည်းရုံးနိုင်တဲ့
ဒေါ်အောင်ဆန်းစုကြည်လိုသာ အခြားလူတွေ ကြိုးစားနိုင်ရင်
အစ်ကိုတို့ တိုင်းပြည်သာမက ကမ္ဘာတစ်ဝှမ်း ဗုဒ္ဓဘာသာဝင်တွေ
တိုးပွားလာစေမှာကို မပြောဘဲ
မဟုတ်မမှန် လိမ်လည် လုပ်ကြံ ဝါဒ ဖြန့်နေသူတွေဟာ
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ကြိုးပမ်းနေသူတွေ ဆိုတာ
ဥာဏ်ရည် ထက်မြက်တဲ့ အစ်ကိုချစ်သော ညီလေးငယ်က
ကောင်းစွာ ရိပ်မိမှာပါ။
အခုဆိုရင် သမိုင်းတစ်ပတ် လည်လာပြီ။
ညီလေးငယ်တို့ ခေတ်ကို ရောက်လာပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ အလဲဖြိုနိုင်ရင်
တိုင်းရင်းသားတွေကို သာတူညီမျှ တန်းတူ အခွင့်အရေး မပေးချင်တဲ့
စစ်အာဏာရှင်တွေဟာ တိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့
အနိုင်ကျင့် ဖိနှိပ်ထားပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် (မဆလ)ပါတီလို
တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ/ ပြည်ခိုင်ဖြိုး ဆိုတဲ့
ပြည်ထိုင်ခိုးဖို့ ကြံ့ဖွတ်ပါတီနဲ့ ကြိုးစားနေပြန်ပြီလေ။
ဒါကို ညီလေးငယ် ကောင်းစွာ သိထားရမယ်။
သတိရှိရမယ်။
တစ်ချိန်က မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို့
လိမ်ညာခဲ့သလို အခုလဲ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ဒီမိုကရေစီစနစ် ဆိုပြီး
ပြည်သူတွေကို ထပ်လိမ်နေပြီ။
အစ်ကိုတို့က ညီလေးငယ်တို့ ရှေ့ဘဝခရီးလမ်းအတွက်
လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ ဝန်းရံပြီး
ညီလေးငယ်တို့ကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ သာယာချမ်းမြေ့သော
ဘဝခရီးလမ်းမှာ ထူးချွန်ထူးမြက်သော လူငယ်တွေ ဖြစ်လာစေဖို့ ကြိုးစားကြမယ်။
ရက်စက်ယုတ်မာ ကောက်ကျစ်နေတဲ့ စစ်အာဏာရှင်ဆိုးတွေ အကြောင်းကို
ညီလေးငယ်ရဲ့ သူငယ်ချင်းတွေနဲ့ ညီမလေးတွေကိုလဲ ရှင်းလင်းပြောပြပါ။
ညီလေးငယ်ရေ…
"စည်းလုံးခြင်းသည်အင်အား" ဆိုတဲ့ အာဏာရှင်တွေရဲ့ ဆောင်ပုဒ်ကို
အစ်ကိုတို့ ညီလေးငယ်တို့နဲ့ ပြည်သူအားလုံးက ပြန်ယူသုံးပြီး
စစ်အာဏာရှင်စနစ်ဆိုးကြီးကို လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဦးဆောင်မှုနဲ့အတူ စည်းလုံးညီညွတ်စွာနဲ့ (၂၀၁၅)ခုနှစ်မှာ အပြီးတိုင် ဖြိုဖျက်ကြပါစို့…
ညီလေးငယ်ကိုချစ်သော…
ကိုကို
Credit- Lucky Ko Ko













