• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

၁၉၄၇ ဇူလိုင် ၁၉ ...

အဲဒီ့နေ့က တိမ်မီးခိုးတွေ ခုထိကောင်းကင်မှာဖုံးနေတုန်းပဲ

" ကြည်ရေ ... ရှိတာလေးပဲ ထည့်တော့ကွာ "

မနက်စောစော ဗိုလ်ချုပ်စကားသံ
နောက်ဆုံးထမင်းပွဲ ဘဲဥနဲ့ထမင်းကြမ်းခဲစားရင်းနဲ့
ဆံပင်ညှပ်ရင်းတောင် နိုင်ငံရေးအကြောင်းတွေး ထ'ထွက်တဲ့ဗိုလ်ချုပ်
ဒီနေ့ အစည်းအဝေးအကြောင်းတွေး စိတ်ထဲကပြင်ဆင်နေရှာမှာပေါ့

အဲဒီ့အချိန် ဦးစောက အစီအစဉ်ကို အကွက်ချလုပ်
ရန်ကြီးအောင်ကို တခုခုမှာနေမှာပေါ့

ဦးမြလည်း အိမ်ထဲကအထွက်
သူ့ဇနီးက အစစ အရာရာ သတိထားနော် ( ဒါမှမဟုတ် ) စောစောပြန်လာခဲ့နော်လို့
မျှော်နေမယ့် ဇနီးတစ်ယောက်လိုအပြုံးနဲ့ပြောနေမှာပေါ့

ဦးမြ ... ခင်ဗျားကိုမုန်းရင် ခင်ဗျားကိုသတ်လိမ့်မယ်
ကျုပ်ကိုမုန်းရင် ကျုပ်ကိုသတ်လိမ့်မယ်
တပ်မတော်တစ်စိတ်ဖယ်လိုက်ပါဗျာလို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်အတွက် ပျော်ဘွယ်ဦးမြလည်းစိုးရိမ်နေ စိုးရိမ်နေမှာပေါ့

ဦးဘဂျမ်းက
ဘရင်းဂါး အလက် ၂၀၀ ပျောက်ဆုံးတာဟာ
ဦးစောလက်ချက်ပါလို့ အမြန်တင်ပြချင်ရင်လည်း တင်ပြချင်နေမှာပေါ့

မိခင်ဒေါ်စု
သားစစ်ဦးစီးချုပ်အကြောင်းတွေး
ခြံထဲက ဟင်းသီးဟင်းရွက်လေးတွေရောင်းရငွေ နည်းနည်းဖယ်
ဒီတခေါက် ငါ့သားထိန်လင်းလာရင်တော့
ငါ့မြေးလေးဖို့ နားကပ်လေးလုပ်ပေးမှပဲလို့ တွေးရင်တွေးနေမှာပေါ့ ။

၁၉၄၇ ဇူလိုင် ၁၉ ... ၁၀ နာရီ ၁၀ မိနစ်
ဦးစောအိမ်က သုခကားမောင်းလာတဲ့အချိန်
အောင်ပါစေကွာလို့ မာန်နတ်ရဲ့ဘက်တော်သားတွေ
နက္ခတ်စီးတဲ့အချိန် ...
ပိုးသားတိုက်ပုံနဲ့ ဗန်ကောက်လုံချည်နဲ့
ဒီနေ့မှ ထူးခြားနေတဲ့ ဗိုလ်ချုပ်ကို
ဦးဘဂျမ်းက " ဗိုလ်ချုပ်က ဒီလိုတော့ အချောပဲလို့ " နောက်လို့
အဖြူထည်ဗိုလ်ချုပ် ကပိုကရိုလေး ရှက်ချင်ရှက်နေမှာပေါ့ ...

ကားစက်ကို မသတ်ပဲထားပြီး
လှေကားက တဟုန်ထိုးပြေးတက်လာချိန်
မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရဖို့
ဗိုလ်ချုပ်တို့ အစီအစဉ်ရေးဆွဲရင် ရေးဆွဲနေမှာပေါ့

သက်နှင်း...က
ဟိတ်လို့ အော်လိုက်ချိန်

မိခင်က " သားရယ် အထက်ရောက်ရင်
လူတွေကချောင်းမြောင်းလုပ်ကြံတတ်တယ် သတိထား "ဆိုတာကို
" ကျွန်တော့်ကို လုပ်ကြံမယ့်သူမရှိပါဘူး ဗျာ " လို့
ကိုယ်စိတ်နဲ့နိုင်းပြီး လူတိုင်းကိုယုံခဲ့တဲ့ ဗိုလ်ချုပ်
မတ်တပ်ရပ် လက်ကာတာ
" မင်းတို့ မှားမယ်ကွာ " လို့ ပြောချင်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့

ခြံထဲ ကားဝင်တာနဲ့
အောင်မြင်ခဲ့ရဲ့လားလို့ ဦးစောမေးတဲ့အချိန်

ဗိုလ်ချုပ်ကိုဖက်လို့ ဗိုလ်ထွန်းလှလည်း အသက်ပြန်ရှင်ဖို့တခုခုကြိုးစားရင်ကြိုးစားနေမှာပေါ့
အာဇာနည်တွေကို ဆေးရုံပို့သူပို့သူပို့
အသက်ကယ်သူကယ် ကြိုးစားနေကြမှာပေါ့

ဦးစောရဲ့ မျက်လုံးတွေ ဝင်းလက်သွားချိန်
ဒေါ်ခင်ကြည် ဗိုလ်ချုပ်တို့လုပ်ကြံမှုသတင်းကြားလို့
ဆောက်တည်ရာမရဖြစ်ချင်ဖြစ်နေမှာ
တစ်တိုင်းပြည်လုံးက
မနက်ခင်းကြီးကို အစက ပြန်လှန်ပြီး
ဗိုလ်ချုပ်ကို ကာကွယ်ပေးကြချင်တာ
ဇူလိုင် ၁၉ ကြီးကိုအသစ်လဲပစ်ချင်တာ

မဟုတ်ပါစေနဲ့လို့ ဆုတောင်း
ရေဒီယိုကို အသာဖွင့်
" အမေ နားကြားလွဲတာ ဖြစ်နေတာမလားဟင် သား !
ဗိုလ်ချုပ်တို့ မသေဘူးမလား ဟင် ... သား ! လို့
မိခင်တွေက သားဖြစ်သူတွေကိုမေး

ဇနီးသည်တွေက ယောက်ျားတွေပုခုံးပေါ် ငိုပွဲချ
ဗိုလ်ချုပ် မသေလောက်ပါဘူးနော်လို့ တဖွဖွပြော

အမေ့ဒီလက်ဖွဲ့လေး ဗိုလ်ချုပ်ကိုသွားဝတ်ပေးရင်
ဗိုလ်ချုပ်ရှင်လာရင် ရှင်လာမှာသားရဲ့လို့
ဆောက်တည်ရာမရ အားကိုးဖွယ်ပျောက်နေတဲ့ ပြည်သူတွေ...

ဒီမှာ . . . ,
ဟေ့လူ ရန်ကြီးအောင်
ဒေဝဒတ်ကို ဆရာတင်ရင်တော့ အဇာတသတ်ပဲဖြစ်မှာပဲ

သစ္စာဖောက်ရင် ငရဲပြည်ရောက်ပါစေလို့
ခင်ဗျားသောက်ခဲ့တဲ့သစ္စာရေ ကြောင့်
အာဇာနည်ကိုးဦးသွေးမြေခသွားပြီး
မြန်မာပြည်ကြီးကို သွေးလွှမ်းသွားပြီလေ ... ။

အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ရေးတရားဟောလို့
ဆုငွေငါးကျပ်နဲ့ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်ပေါက်စလေး

နေရူးက
ဒီလောက်တော့ဝတ်ပါဗျာလို့ လက်ဆောင်ပေးမှ
လောင်းကုတ်ပေးမှ ဝတ်ရတဲ့စစ်သေနာပတိချုပ်

အင်္ဂလိပ်စာကောင်းဖို့
နေ့တိုင်းအပြေးလိုက်သင်ခဲ့ရတဲ့ အောင်ဆန်း

အမရယ် မညာပါနဲ့ဗျာလို့
ကလေးဘဝကတည်းက အမှန်တရားမြတ်နိုးတဲ့ ထိန်လင်း

အစ်မပြန်ပါဗျာလို့
ငိုတဲ့မျက်ရည်တွေကို အံကြိတ်
ထွက်သွားတဲ့ရထားကိုကြည့်
မမြင်လောက်တော့မှမိခင်ကိုဦးခိုက်ခဲ့တဲ့ ဗိုလ်ချုပ်

ခင်ဗျားပစ်တဲ့ ကျည်ဆံ တစ်ဆယ့်သုံးချက်
အခု သူ့ကိုယ်မှာ . . . . . .

မနက်က ဖြစ်သလိုစားသွားတဲ့ ယောက်ျားဖြစ်သူကို
ဖွယ်ဖွယ်ရာရာလေးပြင်ဆင်ထားတဲ့
တံခါးဝကစောင့်မျှော်နေမယ့် ဒေါ်ခင်ကြည်

နယ်အဝေးမှာ သားနှစ်ယောက်သတင်း
သူတပါး လာပြောပြမှ ကြားလိုက်ရမယ့် အမေစု

ရေဒီယိုက သတင်းကြောင့်
ဖခင်ပျောက်သွားတဲ့ တိုင်းသူပြည်သားတွေ
ဗိုလ်ချုပ်နဲ့အတူ ပျောက်ဆုံးသွားတဲ့
ကျွန်တော်တို့အားလုံးရဲ့ အပြုံးတွေ ...

ခင်ဗျားပျော်သလား !
ဦးစော ... ခင်ဗျားအရမ်း ပျော်သွားသလား !

ခင်ဗျားလို အာဏာရူးတွေကြောင့် ၁၉၄၇ ဇူလိုင် ၁၉ ကတည်းက
ဖုံးနေတဲ့ တိမ်မီးခိုးတွေ မပြယ်သေးဘူး
ခု ထက် ထိ . . . ။ ။

                    ( KO LYNN )

Post a Comment