ပြည်တွင်းဖြစ်နတ်များ
မြန်မာတို့သည် အိန္ဒိယနိုင်ငံဖြစ် နတ်များကို ကူးယူ ကိုးကွယ်ခဲ့ကြသကဲ့သို့
မိမိတို့ ပြည်တွင်း၌လည်း နတ်သစ်များကို မွေးထုတ်၍ ကိုးကွယ်ခဲ့ကြပါသည်။
မဟာဂိရိခေါ် အိမ်တွင်း နတ်နှင့် အပေါင်းပါ ၇-ဦး နတ်အုပ်စုသည်
မြန်မာတို့ ရှေးဦး တီထွင် ကိုးကွယ်ခဲ့သော နတ်များ ဖြစ်ပေသည်။
မြန်မာတို့သည် ပုဂံခေတ်တွင် နတ်သစ်များကို ဆက်လက် ဖော်ထုတ်ခဲ့ရာ
ပုဂံခေတ် ကုန်ချိန်၌ နတ်ဦးရေ ၂၂-ဦးမျှ ရှိလာသည်။
ထို့နောက်လည်း နတ်သစ်များကို ဆက်လက် ဖော်ထုတ်ခဲ့ရာ
ပင်းယခေတ်တွင် ၁-ဦး၊ အင်းဝခေတ်တွင် ၉-ဦး၊
တောင်ငူခေတ်တွင် ၅-ဦး မွေး ထုတ်ခဲ့ကြသည်။
နတ်ပေါင်း ၃၇-ဦးမျှ ရှိလာသည်။
ယင်းနတ်တို့ကို မြန်မာတို့က အပြင် ၃၇- မင်း ဟု ခေါ်ကြသည်။
တောင်ငူခေတ် နောက်ပိုင်းတွင် နတ်တီထွင်မှုများ တိမ်မြုပ်သွား၏။
နတ်ဆရာတို့က လည်း နတ်ဦးရေကို ၃၇-ဦးထက် ပိုစေချင်ဟန် မတူပေ။
ထို့ကြောင့် တောင်ငူခေတ်ကုန်တွင် နတ်မှတ်ပုံတင်လုပ်ငန်းကို ပိတ်ထားလိုက်ကြသည်။
အပြင် ၃၇-မင်းခေါ် နတ်စာရင်းတွင် သိကြားနတ်မှ လွဲလျှင်
အားလုံးမှာ ပြည်တွင်းဖြစ် နတ်များသာ ဖြစ်သည်။
မြန်မာနတ်နှင့် အိန္ဒိယနတ်တို့ကို လေ့လာလျှင် ခြားနားမှု ရှိသည်။
အိန္ဒိယမှ လာသောနတ်တို့သည်
သဘာဝကိုးကွယ်မှုမှ ဆင်းသက်လာသော နတ်များ ဖြစ်၍
အများအားဖြင့် ရုပ်ပစ္စည်းတို့ကို အသက်ဝိညာဉ်သွင်း၍
သက်ရှိအဖြစ် ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာပြည်ဖြစ် နတ်တို့ကား မြန်မာ့သမိုင်းတွင် ရှိနေသော
ရာဇ၀င်ဇာတ်ကောင် အသီးသီးတို့က ဖြစ်သွားသော နတ်များ ဖြစ်သည်။
အများအားဖြင့် နတ်ဖြစ်သူတို့မှာ ရာဇ၀င်ထဲက အစိမ်းသေ ပုဂ္ဂိုလ်များ ဖြစ်သည်။
ထို့ပြင် မြန်မာတို့၏ နတ်လောက၌ အတွင်း ၃၇-မင်း ခေါ်သော
နတ်များလည်း ရှိသေးသည်။ ထိုနတ်များအနက် ၂၂-ဦးသော နတ်တို့မှာ
မြန်မာအမည်များဖြင့် ခေါ်ဝေါ်ထားသောကြောင့်
ပြည်တွင်းဖြစ် နတ်များပင် ဖြစ်နိုင်ပါသည်။
မြန်မာတို့က အတွင်း အပြင် ခေါ်နေသော နတ်များမှာ
ပုဂံမြို့ ရွှေစည်းခုံဘုရားတံတိုင်း အတွင်းရှိ နတ်များကို
အတွင်း ၃၇-မင်း ဟု ခေါ်ခြင်း ဖြစ်သည်။
တံတိုင်းအပြင်ဘက်၌ ထားသော နတ်ရုပ်များကို
အပြင် ၃၇-မင်း ဟု ခေါ်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၃၇-မင်း နတ်စာရင်း၌ မပါဝင်သော
ဒေသန္တရနတ်များလည်း အများ အပြား ရှိသည်။
ရေငန်ပိုင် ဦးရှင်ကြီး၊ နံကရိုင်းစသော နတ်များသည် နာမည်ကြီးများ ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရွာတော်ရှင်၊ မြို့တော်ရှင်၊
နယ်တော်ရှင်စသော နတ်များ ဒေသတိုင်းလိုပင် ရှိနေသည်။
နတ်ကွန်း နတ်နန်း အမျိုးမျိုးကို တည်ထောင်၍
ပုံအမျိုးမျိုး ထုလုပ်ကာ ပူဇော်ပသနေကြသည်။
နေရာဒေသအလိုက် နတ်ပွဲများ ကျင်းပနေကြသည်။
ယခုအခါ တောင်ပြုန်းအရပ်ရှိ ကုလားဘီလူး ကပြားညီနောင် နတ်ပွဲ၊
ပခန်း ကူနီနတ်ပွဲ စသည်တို့မှာ အလွန် ကျယ်ပြောနေခဲ့ပြီ။
ကူနီ နတ်ပွဲရက်များဆိုလျှင် ပခန်း အရှေ့လက်တွင်
အခြားပွဲသဘင်များ မပြုလုပ်ရ၊ နတ်မကြိုက်၊ ဟု ဆိုကာ
ဦးမင်းကျော်အာဏာကို အငှားသုံး၍ ထွင်လုံးဖြင့် တားဆီးထားကြသည်။
နတ်ပွဲ စည်ကားရေးအတွက် တားဆီးထားကြခြင်းသာ ဖြစ်ပေသည်။
ယခု ၁၀-စုနှစ်အတွင်းလောက်မှာပင်
ပုဂ္ဂလိကနတ်ကိုးကွယ်မှု၊ ကနားပေးမှုများ ခေတ်စားလာသည်။
ရပ်ကွက်တိုင်းလိုလိုမှာပင် အသံချဲ့စက်ကို ခေါင်မိုးပေါ်၊ သစ်ပင်ပေါ် တင်၍
အော်ဟစ် ဆူညံနေသော နတ်တေးသံ၊ နတ်ဒိုးသံများကို
နားမခံသာအောင် ကြားနေကြရသည်။
စိတ်အတွေးဖြင့် အလုပ်လုပ်သူတို့မှာ နားရှုပ်သောကြောင့် အလုပ်မဖြစ်ကြ။
လွပ်လပ်စွာ ကိုးကွယ်ခွင့်ကို အကြောင်းပြု၍
လူထုကို ဒုက္ခပေးနေသော သရုပ်ပျက် ယဉ်ကျေးမှုများသာ ဖြစ်ပေသည်။
နတ်ပွဲများ စည်ကားလာခြင်း၊ နတ်ကနားပေးပွဲများ ထူပြောလာခြင်းမှာ
နတ်ကို ယုံကြည်ကိုးကွယ်သူ များပြားလာခြင်းပင် ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံတွင် နတ်ပွဲကြီးများ စည်ကားနေခြင်း အကြောင်းမှာ
လူတန်းစား ၃-ရပ်ကို အခြေခံ၏။ ယင်းတို့မှာ-
(၁) အပျော်ကြီးသူများ ၊
(၂) အလိုကြီးသူများ ၊
(၃) အကြောက်ကြီးသူများ ဖြစ်ကြသည်။
အထက်ပါ စိတ္တဇဝေဒနာသည် လူတန်းစားများကို အခြေခံထား၍
နတ်များ ကြီးထွား ရှင်သန်နေကြသည်။
ထိုလူတန်းစာများအနက် အမှတ် ၂၊ ၃- တို့ကို စိစစ်ကြည်ရပါမည်။
အမှတ်၂-လူတန်းစားများမှာ နတ်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့်
မိမိတို့ စီးပွား လာဘ်လာဘ တိုးပွားလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့်
ပူဇော်နေကြခြင်း ဖြစ်သည်။
ဤနေရာ၌ မနုဿဗေဒပညာရှင်တို့၏
စကားကို သတိရဖွယ် ဖြစ်သည်။
မနုဿဗေဒပညာရှင်တို့က-
ထာဝရဘုရားသည် လူကို ဖန်ဆင်းထားခြင်း မဟုတ်။
လူတို့ကသာ ထာဝရဘုရားကို ဖန်ဆင်းထားခြင်း ဖြစ်သည်။ ဟု
ဖန်ဆင်းရှင်ဝါဒကို တော်လှန်ပြခဲ့ကြသည်။
ထိုစကားကို နည်းမှီး၍-
နတ်တို့သည် လူကို မ စ နိုင်ခြင်း မရှိ။
လူကသာလျှင် နတ်ကို မ စ နေရခြင်း ဖြစ် သည်။ ဟု ဆိုရပေလိမ့်မည်။
မှန်ပါသည်။ နတ်တို့ တည်ရှိနေသည်မှာ
လူတို့က ပူဇော်ကိုးကွယ် နေကြသောကြောင့် ဖြစ်သည်။
လူသားတို့က မကိုးကွယ်တော့ပြီ ဆိုလျှင်
နတ်များလည်း ပျောက်ကွယ်သွားရမည်သာ ဖြစ်သည်။
နတ်ဆိုသည်မှာ လူတို့၏ အတွေးစိတ်ဖြင့် မွေးထုတ်ထားသော
စိတ္တဇရုပ်ဆောင်များသာ ဖြစ်ကြောင်း နားလည်အပ်ပေသည်။
ကမ္ဘာတစ်ခွင်တွင် ရှေးဟောင်းသမိုင်းစဉ်ကို လေ့လာရာ၌လည်း
ထိုသဘောကို တွေ့သိလာရမည် ဖြစ်သည်။
ဘီစီ ၅၀၀၀-ခန့်မှ စ၍ နတ်ကိုးကွယ်မှု သမိုင်းကို စတင်ခဲ့ရာ
ယနေ့အထိ နတ်အမြောက်အမြား ပေါ်ထွက်ခဲ့ပြီ။
အခြား နိုင်ငံများကို ထားဘိဦး။ အိန္ဒိယနိုင်ငံ တစ်ခုတည်းမှာပင်
နတ်ပေါင်း ၃၃-ကုဋေကျော်မျှ မွေးထုတ် ပူဇော်ခဲ့ကြသည်။
လူသားတို့၏ စိတ်ကူးဥာဏ်များသလောက် နတ်များလည်း ပေါက်ပွားခဲ့၏။
ထိုနတ်များသည် လူတို့က ယုံကြည်ကိုးကွယ် နေချိန်၌သာ တည်တံ့နေခဲ့သည်။
လူတို့ မယုံကြည် မကိုးကွယ်တော့လျှင်
နတ်များလည်း ပျောက်ကွယ်ကုန်ကြရသည်။
ထို့ကြောင့် နတ်ဆိုသည်မှာ
လူတို့က ဖန်ဆင်းထားသော အရာများ ဖြစ်သည်ဟု ဆိုလျှင်လည်း လွန်အံ့မထင်။
လူတို့က ဖန်ဆင်းထားသော နတ်တို့သည် လူကိုပင် တည်မှီနေရ၏။
ထို့ကြောင့်ပင် နတ်တို့အား လူတို့က
မ စ နေရခြင်း ဖြစ်သည်ဟု ဆိုခဲ့ခြင်း ဖြစ်ပေသည်။
နတ်တို့သည် လူတို့အား ဒုက္ခရောက်အောင်
လုပ်နိုင်သည်ဟု ယုံကြည်သောကြောင့် ကိုးကွယ်သူတို့လည်း ရှိသည်။
ပသသူတို့လည်း ရှိသည်။
ဤယုံကြည်မှုမှာလည်း လူတို့ကပင် ဖန်ဆင်းပေးထားသော ၊
အာဏာပေးထာသော ယုတ္တိမဲ့ ယုံကြည်မှုသာ ဖြစ်သည်။
တကယ်တမ်း ဆန်းစစ်လျှင် စိတ္တဇလုပ်ရပ် ထိုထိုနတ်တို့သည်
လူသားတို့အား သုခပွားစေရန် အတွက်လည်း ကောင်း၊
ဒုက္ခများစေရန် အတွက်လည်းကောင်း ဘာမျှ မပြုလုပ်နိုင်ကြချေ။
ဤသို့ အတွေးမှန် အမြင်မှန် စိတ်ဓာတ်ဖြင့် သုံးသပ်လျက် ဆုံးဖြတ်နိုင်ကြစေရာ၏။
ထေရ၀ါဒဗုဒ္ဓဘာသာ၊ ရေစကြိုဆရာတော်













