• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ပြည်ပလုပ်သား

Tuesday, 11 August 2015

ပြည်ပလုပ်သား

သူငယ်ချင်းရေ
တို့တွေက သက်လုံမကောင်းပဲ ပင်လယ်ဖြတ်ရတာ
အသက်ကို သရဏဂုံတင်ပြီးသား
ဒီဗျိုင်းက စားမလားတွေးမိတာပေါ့
ဒီကန်က ရေခမ်းရင်အကုန်သေမယ်အတွေးနဲ့
ကိုယ့်ကရှေ့တန်းထွက်တိုက်ခဲ့တာ
ပို့လိုက်တဲ့ငွေလေး အဆင်ပြေတယ်ဆိုပျော်လို့
ဒီမှာက အထပ်မြင့်အဆောက်အဦးကြား
စူပါမင်းလို လေထဲဝဲနေရတာ
တချို့က သိဒ္ဓိပြီးသူလို
စက်တွေကြား အသက်ကိုအပေါင်ထားရတာ
အမေ့အသံလေးကြည်လာတယ်
ညီမလေးပျော်နေတာကြားရတယ်
အထက်ကပန်းတွေပိုပွင့်ဖို့
မြေအောက်ကို ကျွန်တော်တိုးရဲလာတယ်
အမိမြေကို လွမ်းတိုင်း
လမ်းထိပ်က ပေါ့ကျတစ်ခွက်ကိုလွမ်းတယ်
ဆိုက္ကားမနင်းပဲ အရက်ဆိုင်ချည်းဝင်နေတဲ့ကိုရှည်ကြီးကိုလည်းလွမ်းတယ်
မန်ယူနဲ့ချယ်လ်ဆီးပွဲတိုင်း ရန်ဖြစ်နေကျ
ကိုအောင့်ကိုလည်းလွမ်းတယ်
ကြိုးမညီတဲ့ ဂစ်တာလေးတစ်လက်ပါ
ဖုန်ခါရင်း အသက်ရှုသံတွေကိုသံစဉ်ညှိကြည့်တယ်
ပြတင်းပေါက်ဖွင့်လိုက်ရင်
မလိုချင်တဲ့ ပတ်ဝန်းကျင်ကြီးပဲမြင်ရလို့
ရွှေတိဂုံဘုရားပုံ ကပ်ထားတယ် ...
အပျော်ဆိုလို့
မမြင်ဘူးတဲ့ ဖေ့ဘုတ်ကသူငယ်ချင်းတွေပဲရှိတယ်
ပြီးခဲ့တဲ့လက ငွေပိုတယ်
ဒီလ အဆင်မပြေဘူး
လက်တစ်ချောင်းပြတ်ရင် ဘယ်လောက်
အသက်တစ်ချောင်းဆုံးရင် ဘယ်လောက်ဆိုတဲ့ သူတို့မြေမှာ
သူ့ကျွန်လုပ်ရင်း သူ့ဆန်စားတော့
ငါ'လူဆိုတာကို မေ့ထားရတယ်
ရွာမှာလယ်တွေပျက်တယ်ဆို
အိမ်လေးရော ဘယ်လိုနေလဲ
ညီမလေးရေ ဘာဖြစ်ဖြစ်စိတ်ဓာတ်မကျနဲ့
အမေ့ဆေးဖိုးမနှမြောနဲ့ အစ်ကိုရှာပို့မယ်ပြောပေးနော်
ချည်ထားတဲ့ ခါးကြိုးကအာမခံပါတဲ့
ပြည်ပရောက်နေတဲ့ ဆောက်လုပ်ရေးမြန်မာလုပ်သား ဒီလတော့အလုပ်ပိုလုပ်မှဖြစ်မယ်တွေးမိတဲ့အတွေးတချက်အဆုံး
ခါးကသိုင်းကြိုးပြတ်သွားတယ်
အမေ
ညီမလေး ...
သူနူတ်ခမ်းလေး လှုပ်လို့တစ်ခုခုပြောဖို့ကြိုးစားပေမယ့်
သေမင်းကရက်စက်လွန်းခဲ့တယ် ။
( သူဘာတွေတွေးးလို့ ဘာပြောချင်သွားသလဲတော့
ခံစားဖူးသူမှပဲ သိနိုင်မယ် ) ။

Ko Lynn

Post a Comment