• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

သွေးတိုးရောဂါအကြောင်း သိကောင်းစရာများ

သွေးတိုးရောဂါဆိုသည်မှာ သွေးတိုးသောကြောင့် သွေးတိုးရောဂါဟု ခေါ်ခြင်းဖြစ်သည်။ ဓာတ်ဆောင် သဘောမှာ(သီတတေဇော)အအေးအကြောင်းခံ၍ (အာပေါဓာတ်)ပတ်ဖွဲ့မှုကြောင့် (ဗြုဟန)နာ ဖြစ်ရသည်။
အာပေါဓာတ် ၁၂ ပါး၌ ပါဝင်သော သွေး၊ သလိပ်တို့ပွားစီးခြင်း ကြောင့်ဖြစ်ရသည်။ ဒေါသသုံးပါးတွင် သလိပ်ဒေါသလွန်ခြင်းဖြစ်သည်။
ထိုရောဂါ၏လက္ခဏာမှာ ဆီးဖြူ၍များသည်။ အကြိမ်ကြိမ် များများသွားသည်။ ညဥ့်အခါ၌ ဆီးသွားပိုသည်။ ညာကျောတင်းသည်။ အေးသော အခါအနာတိုးသည်။ အအေးစာစားလျှင်ရောဂါတိုးသည်။ စားကောင်းသည်။ အိပ်ပျော်သည်။
ရံဖန်ရံခါ နောက်ကျောတက်သည်။ ညာဘက်ဇက်ကျောတက်သည်။ ခေါင်းမူး၊ ခေါင်းအုံ၊ ဇက်လေး၊ ခြေဖျား လက်ဖျားများထုံတတ်သည်။ နာတာရှည်ရောဂါဖြစ်သည်။ အကြောင်းမသင့်လျှင် ချက်ချင်း အသက်ကို သေစေသည်။
မသင့်သော အစားအစာများမှာ ဝက်သား၊ ဘဲသား၊ အမဲသား၊ ဆူသောအသားများ၊ ငါးတန်၊ ငါးမြင်း၊ ငါးသလောက်၊ ငါးချဉ်၊ ပုစွန်ချဉ်၊ အချဉ်ထည့်ထားသောအသားများ၊ ငါးထွေ၊ ငါးကြင်းစသည့်ရေသတ္တဝါများ။
အုန်းသီး၊ အုန်းနို့ ၊ အုန်းဆီ၊ အုန်းရည်၊ အုန်းသီးနှင့်ပြုလုပ်ထားသော မုန့်များ၊ နွားနို့၊ ကျွဲနို့၊ ဆိတ်နို့၊ နို့ဆီ၊ ကိတ်မုန့် မျိုးစုံ၊ ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းနှင့် အေး၊ ချို၊ ဆိမ့် အရသာရှိသည့် အစားအစာများကိုစားခြင်းမှ ရှောင်ရမည်။
မသင့်သောအနေအထိုင်များမှာ လေအေးတိုက်ကြာရှည်စွာခံခြင်း၊ ရေအေးကိုစိမ်၍ ကြာကြာချိုးခြင်း၊ ညနေဘက်နှင့် ညဘက်တွင် ရေချိုး ခြင်း၊ ရေစိုသောအဝတ်နှင့် ကြာကြာနေခြင်း၊ အအိပ်အနေများခြင်း တို့ဖြစ်သည်။
ဤရောဂါသည် အအေးအကြောင်းခံသော အအေးနာဖြစ်သောကြောင့် အအေး၌နေထိုင်ခြင်း၊ အအေးစာစားခြင်းကို မပြုသင့်ပေ။
သွေးတိုးရောဂါရှိသူများသည် နံနက်ပိုင်း ၁ဝ နာရီဝန်းကျင်တွင် ရေချိုးသင့်သည်။ ရေမချိုးခင် ကိုယ်လက်လှုပ်ရှားမှုအတွက် လေ့ကျင့်ခန်းကို နာရီဝက်ခန့်ပြုလုပ်သင့်သည်။ ညနေဘက်နှင့် ညပိုင်းတွင် ရေချိုးခြင်းကို လုံးဝမပြုလုပ်သင့်ပေ။
အစားအစာအနေဖြင့် အဆီ၊ အစေးများသော ထမင်းနှင့် ကောက်ညှင်းကို မစားသင့်ပေ။ အသင့်အတင့်ထွေးသော ထမင်းကိုသာ စားသင့်သည်။ အထူးသဖြင့် အုန်းထမင်း၊ ဒံပေါက်ထမင်း၊ ထောပတ်ထမင်းတို့ကို အလျဉ်းမစားသင့်ပေ။
စားသင့်သောအသီးအရွက်များမှာ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်၊ မုန်ညင်း ရွက်၊ မုန်လာရွက်၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ကနဖော့ရွက်၊ ဒန့်သလွန်သီး၊ ဒန့်သလွန်ရွက်၊ ဘူးသီး၊ ဘူးရွက်၊ ဖရုံသီး၊ ဖရုံရွက်၊ ပုစွန်စာရွက်၊ ပေါက်ပန်း ဖြူရွက်၊ ဂေါ်ရခါးသီး၊ ဂေါ်ရခါးရွက်၊ ငရံ့ပတူရွက်၊ ပဲလင်းမြွေသီး၊ ပဲလင်း မြွေရွက်၊ ပဲသီးအမျိုးမျိုး၊ နံနံရွက်၊ ရှောက်ရွက်၊ ရှောက်သီး၊ သံပရာသီး၊ ရှောက်ရည်၊ သံပရာရည်၊ ဆီးသီး၊ ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ကင်းပုံရွက်၊ ကင်းပုံသီး တို့ဖြစ်သည်။ (မှတ်ချက်) ကင်းပုံရွက်ကို သတ္တုရည်ညှစ်၍ သောက်ပေးခြင်းသည် သွေးတိုးကို အမြန်ကျစေသည်။ ဟင်းချိုလည်းချက်သောက်နိုင်သည်။
သွေးတိုးရောဂါရှိသူသည် အစားအသောက်အနေအထိုင်ကို အထူးသတိထားရမည်။ အဘယ်ကြောင့်ဆိုသော် သွေးတိုးရောဂါသည် အသက်ကို သေစေသည့်သဘောရှိသည်။ ထို့ကြောင့် အနေမှား၊ အစားမှား မခံပေ။
ထိုရောဂါသည် ပျောက်ကင်းအောင်ကုသဖို့ထက် ရောဂါကို မကြီးပွားရန် ထိန်းထားခြင်းကို အကောင်းဆုံးလုပ်နိုင်ရမည်။ ထိုမှတစ်ဆင့် ပျောက်ကင်းအောင် ကုသဖို့နည်းလမ်းရှာနိုင်သည်။ လူကိုသေစေသည်အထိ ဖြစ်စေနိုင်သည့် သွေးတိုးရောဂါကို ရှောင်ရှားနိုင်ရန် အနေမှားခြင်း၊ အစားမှားခြင်းလုံးဝမဖြစ်စေရန် အထူးသတိထား၍ ဆင်ခြင်သင့်ပါကြောင်း စေတနာကောင်းနှင့် ရေးသားတင်ပြခြင်းဖြစ်သည်။


Post a Comment